နေထိုင် အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ဘတ်) ကို ထိုင်းအစိုးရက ဈေး ၃၉၀၀ နဲသတ်မှတ်ခဲ့ပေမယ့်
အပြင် ပွဲစား နဲ့ လုပ်ကြရတာ ၆၀၀၀ ဘတ် ထက်မနည်း ကုန်ကျကြပါတယ်။ နယ်ကျော်ရင် ပုလိပ်ဖမ်းတယ်။
တစ်နှစ်ပတ်လုံး ဘယ်ရုံးကိုမှ သွားလာစရာမလိုပါ။ ကျမ္မာရေးစောင့်ရှောက်ခ ဘတ်ငွေ ၁၉၀၀ သွင်းထား တာကြောင့် သာမန် နှာစေး ခြောင်းဆိုး တွေကို ဘတ်ငွေ ၃၀ နဲ့ ဆေးဝါးကုသခွင့်ရပါတယ်။
၂၀၀၉ လောက် မှာ ဒီထက် အကုန်အကျများစေတဲ့ အနီးရောင် ယာယီပတ်စပို့ ဆိုပြီး ထိုင်းနဲ့ မြန်မာ အစိုးရ တို့ လုပ်ကိုင်လာခဲ့ကြပြန်တယ်။ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေးရမယ်။ ထိုင်းတစ်နိုင်ငံလုံး သွား လို့ရတယ် ဆိုတဲ့ မက်လုံးကို ပေးတယ်။ ယာယီပတ်စပို့ လုပ်မယ့် အလုပ်သမား ဟာ နေထိုင်အလုပ် လုပ်ကိုင် ခွင့်(ဘတ်) ရှိရပါမယ်။ ယာယီပတ်စပို့ လုပ်ခ ဟာ အနည်းဆုံး ဘတ် ၅၅၀၀ ကနေ ဘတ် ၇၀၀၀ ထက်မနည်း ပေါက်ဈေး ရှိပါတယ်။
ယာယီပတ်စပို့ လုပ်ပြီးတဲ့ နောက် အလုပ်လုပ်ခွင့်ပါမစ် Work Permit လုပ်ရပါတယ်။ WP လုပ်ခ ၂နှစ်
စာက အနည်းဆုံး ဘတ်ငွေ ၅၀၀၀ ကနေ ၆၅၀၀ ဘတ် ထက်မနည်း ကုန်ပါတယ်။ ဒီ WP လုပ်ထားမှ အလုပ်
လုပ်ခွင့်ရှိပါတယ်။ ချုပ်ကိုင်ထားမှုတစ်ခုက WP ကို စက္ကူ အလုပ်ရုံ အလုပ်သမားအဖြစ် လုပ်ထားပြီး အထည်
ချုပ် သွားလုပ်ရင် ပုလိပ်ဖမ်းတာကို ခံရပါမယ်။ အလုပ်ပြောင်းလုပ်လို့မရပါ။ ယာယီပတ်စပို့တို့ WP တို့ လုပ်လို့ ကုန်ကျတဲ့ ငွေတွေကို မြန်မာအလုပ် သမားတွေ ကိုယ်တိုင် ကုန်ကျခံထားတာ ဖြစ်ပေမယ့် မြန်မာအလုပ်သမား တစ်ယောက် တစ်နေရာက တစ်နေရာကို အလွယ်တကူ ပြောင်းရွှေပြောင်းလို့ မရအောင် ထိန်းချုပ် ထားပါ တယ်။ မဲဆောက် ကိုသွားရင် re-entery တုံးထုရပါတယ်။ တုံးမထုပဲ ဘန်ကောက်ကို ပြန်တက်လို့မရပါ။
ယာယီပတ်စပို့ လုပ်ထားပြီးနောက် ရက်ပေါင်း ၉၀ ပြည့်တိုင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးရုံးကို သွားပြီးတော့
တုံးထုရတယ်။(ဧည့်စါရင်း တိုင်ရတယ်) ပထမဦးဆုံး လုပ်ခဲ့တဲ့ ယာယီပတ်စပို့တွေ ၂နှစ်ပြည့်သွားတော့ မြန်မာ
သံရုံးမှာ စာအုပ်သက်တမ်း တိုးရတယ်။ မဟာချိုင် လ၀က(တောမော)ရုံး၊ဘန်ကောက် က အိုင်ဒီစီနဲ့မြန်မာသံရုံး တို့ မှာတစ်နေ့ တစ်နေ့ ကို မြန်မာတွေ ထောင်ချီပြီး အလုပ်အကိုင် ပျက်နေကြရတယ်။ ပွဲစားတွေကို ပေးနေ ကြရတယ်။
ယာယီပတ်စပို့ ဆိုတာ (ပန်းရောင်ဘတ်)လို တစ်နှစ် လုပ်ထားပြီး ဘာမှ လုပ်စရာမလိုတဲ့ အရာမျိုး မဟုတ်ပဲ ငါ -ဘယ်နေ့ မြန်မာသံရုံးကို သွားရမလဲ၊ ငါဘယ်နေ့ ထိုင်းလ၀က(တောမော)ရုံးကို သွားရမလဲဆိုတာ အမြဲပြန်ကြည့် နေကြတဲ့ စာအုပ်ဖြစ်မှန်း သိလာခဲ့ကြရတော့တယ်။ လုပ်ငန်းရှင်တွေ သိမ်းထားလို့ ရက် ၉၀ တုံး မထုလိုက်ရသူတွေ နဲ့ စာအုပ် သေသွားတဲ့ ပတ်စပို့တွေ အများကြီးပါ။ သုံးသန်းထက် မနည်း ရှိနေပြီးဖြစ်တဲ့ တြဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဒီလုပ်ငန်းစဉ် တွေက ပွဲစားယန္တားကြီးက သီးသန့် ပေါ်ပေါက် လာ ခဲ့တော့တယ်။
ပထမလုပ်ခဲ့တဲ့ အနီးရောင် ပတ်စပို့ လျှောက်ထားဖို့ အတွက် ထောရော ၃၈/၁ ဆိုတဲ့ လူရုပ်ပုံပါ စာရွက် တစ်ရွက်နဲ့ အတူ အလုပ်လုပ်ခွင့်အတွက် ထိုင်းအလုပ်သမား ၀န်ကြီးဌာနကို ဘတ်ငွေ ၁၉၀၀ ပေးသွင်းထားတဲ့ စာရွက် အစစ်တို့နဲ့ လိုင်စင်ဓါတ်ပုံ ၃ပုံပေးပြီး လျှောက်ထားကြရပါတယ်။ ထိုင်းနဲ့ မြန်မာအစိုးရတို့က ခွင့်ပြုတဲ့ အခါ နယ်စပ်မှာဖွင့်လှစ်ထားတဲ့ ယာယီပတ်စပို့ ထုတ်ပေးရေး ဌာနတွေမှာ မိမိလျှောက်ထားတဲ့ ကုမ္ပဏီက ပို့ဆောင်တဲ့ ကားနဲ့လိုက်သွားပြီး ထုတ်ယူရရှိပါတယ်။
**နောက်ဆုံးအခြေအနေ **
နောက်ဆုံးပေါ်ခရမ်းရောင် အီလက်ထရွန်နစ် ပတ်စပို့ လုပ်ငန်းစဉ်မှာတော့ ထိုင်းနဲ့ မြန်မာအစိုးရတို့က နယ်
စပ်ကို သွားစရာမလိုပဲ၊ ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမွတ်ပရာကန် နဲ့ စူရဌာနီ ၅နေရာတို့ မှာ ဖွင့်လိုက်ပါ
တယ်။ အပြင်ပန်း အနေနဲ့ကြည့်ရင်တော့ နယ်စပ်ကို မသွားရတော့ တဲ့အတွက် မြန်မာအလုပ်သမားတွေ အတွက်ဝမ်းသာစရာပေါ့။
ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အလုပ်သမား တစ်ဦးချင်းဟာ ယာယီပတ်စပို့ လျှောက်ထားဖို့ အတွက် နယ်မြေ အလုပ်အကိုင်ရှာ ဖွေရေးရုံးတွေမှာ ကွန်ပျူတာ လက်ဗွေ သွားနှိပ်ရပါတယ်။ လုပ်ငန်းရှင် ကိုယ်တိုင်ပါရ ပါတယ်။ လုပ်ငန်းရှင် ကိုယ်တိုင်မပါလို့ရှိရင် သူဌေး ကိုယ်စားလှယ်လွှဲစာ ပါရပါတယ်။ ဒီနေရာမှာ မြန်မာ အလုပ် သမားတွေအတွက် အခက်ကြုံတော့တာပဲ။
မြန်မာအလုပ်သမားတွေဟာ လွတ်လွတ်လပ်လပ် သွားလာချင်လို့ အပြင် အငှါး သူဌေးတွေနဲ့ လုပ်ထားတာရှိ
တယ်။ အလုပ်ပြောင်းထားကြတာရှိတယ်။ အတော်များများက အလုပ်ပြောင်းပြီးတော့ တရားဝင် လုပ်ငန်းရှင် ပြောင်းတာကို မလုပ်ထားတတ်ကြဘူး။ ဒါကြောင့် (ပန်းရောင်ဘတ်) မှာပါတဲ့ သူဌေး ကိုယ်တိုင်ပါမှ လက်ဗွေနှိပ် ရမယ် ဆိုတဲ့ အဆင့်မှာ ကိုက အခက်ကြုံရပြီ ဖြစ်တယ်။ အိမ်ဖေါ်အလုပ်သမလေးတွေ၊ ကုန်တိုက်တွေမှာ သန့် ရှင်းရေး လုပ်နေတဲ့ အလုပ်သမတွေ လောင်စာဆီ အရောင်းဆိုင်တွေမှာ လုပ်ကြတဲ့ အလုပ်သမား တွေရှိတယ်။ ပြည်နယ် တစ်ခုက နေ ပြည်နယ်တစ်ခုကို ပြောင်းလာတဲ့ အလုပ်သမားတွေရှိတယ်။
ဒီအလုပ်သမားတွေဟာ ခု ထိုင်းအစိုးရ သတ်မှတ်ထားတဲ့အတိုင်း မိမိဘတ်လုပ်တဲ့ နယ်မြေမှာသာ လက် ဗွေ နှိပ်ရမယ်လို့ ဆိုထားပြန်တယ်။ တရားဝင် အလုပ်သမား ဖြစ်ချင်ချာလွန်းတဲ့ မြန်မာအလုပ်သမားတွေ လည်း မူလက ဘတ်လုပ်ခဲ့တဲ့ နယ်မြေတွေအထိ သွားပြီးတော့ လက်ဗွေနှိပ်ဖို့ ကြိုးစားတဲ့အခါ၊ နယ်ကျော်တာနဲ့
ပုလိပ်က ဖမ်းတော့တယ်။ အယင် သူဌေးကကော ကိုယ့်ဆီက ထွက်သွားတဲ့ အလုပ်သမားအတွက် ဘယ် လုပ်ပေးတော့မလဲ။ ဆိုတော့ တရားဝင် လုပ်ငန်းရှင် ပြောင်းရွှေ့ရတော့မယ်။
အလုပ်သမားရုံးက လုပ်ငန်းရှင်ကို မင်း အလုပ်သမားတွေ လက်ဗွေ လာနှိပ်ပါလို့ အကြောင်းကြားစာပို့တယ်။ ဒီစာနဲ့ အတူ အလုပ်သမားတွေ လက်ဗွေလာနှိပ်ရတယ်။ အလုပ်သမားတွေ အခြားကို ပြောင်းသွားတော့ လုပ်ငန်းရှင်က ငါ့မှာ အဲဒီအလုပ်သမားတွေ မရှိတော့ဘူးလို့ အလုပ်သမားရုံးကို ပြန်အကြောင်းကြားလိုက်တော့ အဲဒီအလုပ်သမားတွေ မှာ ပိုင်ရှင်မရှိတဲ့ အလုပ်သမားတွေဖြစ်သွားပြီ။ ဗမာပြည်မှာ ၈၈ တုန်းက ငွေသိမ်းသလို
အရင်းရှင် သူဌေးတွေ ကို မထိခိုက်ပဲ ကြောမွဲတွေကို ထိခိုက်သွားတယ်။ ခု လုပ်ငန်းစဉ်က လည်း မြန်မာအစိုး
ရကပြောနေသလို ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ပတ်စပို့ လုပ် ပေးခြင်းအားဖြင့် လူကုန်ကူးမှုပပျောက်ရေး လျှော့ကျ မယ် ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက် ဖြစ်မလာတဲ့အပြင် အလုပ်သမားတွေမှာ လုပ်ထားကြတဲ့ နေထိုင်ခွင့် ထောရောစာရွက် ကလေးပါ ဒီစီမံကိန်းကြောင့် ပျက်ရကိန်ကြုံနေကြရပြီဖြစ်တယ်။
၂၀၁၂ ခု ဇန်န၀ါရီလ ၆ ရက်နေ့က မဟာချိုင်မှာ ဖွင့်ထားတဲ့ ယာယီပတ်စပို့ ထုတ်ပေးရေးရုံသို့ မြန်မာအလုပ်
သမား၂၀ ဦး ကို ကုမ္ပဏီ တစ်ခုက လိုက်ပို့တယ်။ အဲဒီအလုပ်သမားအုပ်စုတွေ အထဲမှာ ဘန်ကောက်မှာ ဘတ် လုပ်ထားတဲ့ အလုပ်သမား ၂ယောက် ပါတယ်။ သူတို့ နှစ်ယောက်ကို နယ်ကျော်တယ်ဆိုပြီး ဘတ်ငွေ နှစ်သောင်း ပုလိပ်က တောင်းဆိုပါတယ်။ ကုမ္ပဏီ ပွဲစား ကတော့ ဘတ်တစ်သောင်း ပေးလိုက်ရတယ်လို့ ပြောပါတယ်။
ဆိုးတာက အဲဒီအလုပ်သမား ၂ ယောက်ဟာ လက်ဗွေ နှိပ်ခွင့် မရရှိကြပါဘူး။
အထက်က ပြောခဲ့တဲ့ ရက်ပေါင်း ၉၀ ဧည့်စါရင်း တုံးထုရတာ၊ ပတ်စပို့ သက်တမ်းတိုးရတာ၊ ယခုတစ်ခါ လုပ်ငန်းရှင် ခွင့်ပြုမှ လက်ဗွေ နှိပ်ခွင့်ပြုတာ၊ မူလ ဘတ်လုပ်ခဲ့တဲ့ နေရာမှာသာ လက်ဗွေနှိပ်ခွင့်ပြုတာ တွေဟာ
မြန်မာ အလုပ်သမားတွေ အတွက် အခက်အခဲဖြစ်နေကြကြောင်း သိရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကြောင့်တရား
ဝင်စာရွက်စာတမ်းတွေ လည်းပျက်ပြယ်ပြီး တရားမ၀င် အလုပ်သမားအဖြစ်သို့ တွန်းပို့ နေသယောင် ဖြစ်နေပါ
တယ်။
အီလက်ထရွန်နစ် နည်းပညာသုံး ခရမ်းရောင် ယာယီပတ်စပို့ လုပ်ငန်းစဉ်ကို ထိုင်းနဲ့ မြန်မာအစိုးရတို့ ညှိနှိုင်း လုပ်ကိုင် နေကြတာကြောင့် အောက်ခြေမှာ အလုပ်သမားတွေ ခံနေကြရတဲ့ အခက်အခဲတွေကို တင်ပြ ဖို့ ဆို
တာတောင် အတော် ခက်ခဲနိုင်မယ်လို့ ထင်ပါတယ်။
နှစ်နိုင်ငံအစိုးရတို့ကို အလုပ်သမားအရေးဆောင်ရွက်သူ တစ်ယောက် အနေနဲ့ ပြောခွင့်ရမယ်ဆိုရင် ထိုင်းမှာ လာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ (၁) ပညာမတတ်သူများခြင်း (၂) ထိုင်းစကား မတတ်ခြင်း (၃) ပြင်ပနှင့် အဆက်အသွယ်မရှိခြင်း (၄) လုပ်ငန်းရှင် ခိုင်းသမျှ လုပ်ရပြီး လုပ်ငန်းရှင် ပေးသမျှ သာ ရရှိတဲ့သူတွေ ဖြစ်ကြတယ်။ အခု ထိုင်းနဲ့ မြန်မာ အစိုးရတို့ လုပ်ဆောင်နေတဲ့ ယာယီပတ်စပို့ ယန္တရားက ဒေါ်လာစားတွေ ပညာတတ်တွေနဲ့ ပဲထိုက်တန်းတာ ဖြစ်တယ်။ တစ်နေ့ကို ဘတ် ၂၀၀ ၀န်းကျင်သာ ရရှိတဲ့ မြန်မာ အလုပ်သမားတွေအတွက် ဒီထက် လွယ်ကူချောမွေ့ပြီး မြန်ဆန်သက်သာတဲ့ အစီအမံနဲ့သာ လုပ်ပေး သင့် တယ်လို့ အကြံပြု ချင်ပါတယ်။
**ကျော်သောင်း**

No comments:
Post a Comment