ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 9, 2016

=သံယောဇဉ်များနှင့်ဝေးရာဆီ=

>
ကျွန်မ မှန်မကြည့်ဖြစ်တာကြာခဲ့ပြီ။ ကြေးမုံပြင်မှ ကျွန်မပုံရိပ်ကို မှင်သက်စွာငေးစိုက်ကြည့် နေမိသည်။ ကျွန်မကိုယ် ကျွန်မပင် သဲကွဲစွာမမှတ်မိပါ။ ကျွန်မ မျက်နှာပြင်တွင် အဖြူရောင်အခိုးအငွေ့များ၊ ခပ်ဝါးဝါး ပုံရိပ်ယောင်များ၊ အဇ္ဈတ္တအပိုင်းအစများ တစ်ပိုင်းတစ်စ ယှက်သန်းဝိုင်းရံထားသည်။ ကျွန်မ သည် ကျွန်မအစစ်မဟုတ်ပါ။ ၀ိုးတ၀ါးပုံရိပ်ယောင်များအောက်မှ ကျွန်မ ရုပ်သွင်ကို စူးစိုက်စွာ မနည်းဖမ်းဆုပ်ကြည့်နေရသည်။ မြူထူတွေလို အခိုးအငွေ့များကြားမှ မျက်ဝန်းတို့ ခြောက်သွေ့ညှိုးရော်နေသည်ကို တစွန်းတစမြင်လိုက်ရသလိုရှိသည်။ အေးစက်နူးညံ့လှသော မြူထူတွေကို ဖယ်ပစ်လိုက်ဖို့ ကျွန်မ အားအင်ယုတ်လျှော့နေသည်။ လက်လှမ်းမိသော် နှလုံးသားမှ စစ်ကနဲနာကျင်သည်။ 'ညီမလေး' ခေါ်သံကို ကြားလိုက်ရသလိုရှိသော် မျက်ဝန်းမှ မရည်ရွယ်ပါဘဲ မျက်ရည်ပေါက်ကနဲကျသည်။

 ************ ဒီနှစ်ပိုင်းကာလတွေမှာ ကျွန်မ လူလေးယောက်နှင့် ထိတွေ့နွေးထွေးခဲ့ပါသည်။ ထိုအရာသည် ပုံရိပ်ယောင်များဆီမှ ဖြစ်သည်။ ထိုအရာသည် အီလက်ထရောနစ်လှိုင်းများဆီမှ ဖြစ်သည်။ ထိုအရာသည် ကူးလူးဆက်နွယ်ရာစာလုံးကလေးတွေမှ ဖြစ်သည်။ သို့သော် ကျွန်မ နှလုံးသားနွေးထွေးသိမ်မွေ့လျှက် ရှိသည်ကို ကျွန်မကိုယ်တိုင် သိပါသည်။ အစ်ကို သုံးယောက်နှင့် အစ်မ တစ်ယောက်ဆိုပါစို့။ အသက်အရွယ်အရ စာရင်းရေးထိုးရသော် အစ်ကို (၁)၊ အစ်ကို (၂)၊ အစ်ကို (၃) နှင့် အစ်မ ဟုလွယ်လွယ် ပြောကြရအောင်ပင်။ သူတို့နှင့် ကမ္ဘာ့လူသုံးအများဆုံး social network တစ်ခုမှ စတင်သိကျွမ်း ခဲ့သည်။ သူတို့၏ ဘ၀တွေသည် မည်သို့ မည်မျှ တည်ရှိနေကြသည်လည်း၊ မည်မျှမြင့်မားနေကြသည်လည်း ကျွန်မ မသိရှိခဲ့ပါ။ (သို့မဟုတ်) စိတ်မ၀င်စားခဲ့ပါ။ ရိုးရိုးကလေးပင် ဖြူစင်သောမေတ္တာဖြင့် ကျွန်မ ချစ်ခင်နေမိခဲ့ခြင်း ဖြစ်ပါသည်။ သူတို့ကို ကျွန်မ ချစ်သည်။ ကျွန်မ၏ နူးညံ့ပျော့ပျောင်းသော အားကိုးချစ်ခင်တွယ်တာမှုအရ၊ လေးစားမြတ်နိုးမှုအရ၊ သံယောဇဉ် တွယ်တာမှုများအရ သူတို့ကို ချစ်ခဲ့ပါသည်။ ယောကျာ်း၊ မိန်းမ ခွဲခြားမြင်ကြသော၊ သွေးသားရင်းချာ ဖြစ် မဖြစ်ကို ပေတံနှင့်တိုင်းတာသော၊ လူ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်း ဓလေ့ထုံးတမ်းစဉ်လာအရ အစ်ကို များကို ချစ်သည်ဟု ကျွန်မ ပြောခွင့်မရှိခဲ့ပါ။ လူမှုဆက်ဆံရေးများပြားစာရင်းရှုပ်လှသော နေရာကြီး တစ်ခုမှ ကျွန်မ ခဏပြေးထွက်ခဲ့ပြီ။ ထိုခဏသည် မည်ရွေ့မည်မျှ ကြာသောခဏဖြစ်မည်လဲ။ ကျွန်မ သေချာစွာမပြောနိုင်ပါ။ ယခု ကျွန်မ ပိုင်ဆိုင်သည် ထင်ရသော လူ့အဖွဲ့အစည်းတို့မှ ကင်းဝေးရာနေရာလေးတွင် ကျွန်မ ပြောချင်သည်များ ကိုတော့ ပြောခွင့်ရှိ သည် ထင်ပါသည်။္ကဤနေရာသို့ မည်သူမှလာရန် ကျွန်မ မဖိတ်ခေါ်ပါ။ သို့မဟုတ် မဖိတ်ခေါ်တော့ပါ။ ကျွန်မ တိတ်ဆိတ်ခြင်းကို ပို၍နှစ်သက်တတ်လာခဲ့ပါပြီ။ လွန်ခဲ့သော နှစ်ကာလများစွာက တစ်ယောက်တည်း နှစ်သက်ရာစာတို၊ ပေစများကို ငြိမ်သက်စွာရေးသားနေရသည်ကို ကျွန်မ ပြန်လည် အလိုရှိလာပါပြီ။ ကျွန်မ ဘာ့အတွက် နာမည်တစ်လုံးအတွက် တိုက်ပွဲဝင်မိခဲ့ရပါသတည်း။ ကျွန်မ ဘာ့အတွက် ပရင့်မီဒီယာသို့ပြန်လည်တိုးဝင်ရန်ကြိုးစားခဲ့ရပါသနည်း။ ကျွန်မ ဘာ့အတွက် ကိုယ်မလုပ်နိုင်သောအရာများ၊ လူမှုရေးရာများလုပ်မိခဲ့ရပါသနည်း။ ကျွန်မ ဘာ့အတွက် မတူညီကွဟသော အသိုင်းအ၀ိုင်း များကို ချစ်ခင်ခဲ့ရပါသနည်း။ ကျွန်မ ကိုယ် ကျွန်မ သေချာစေ့ငှစွာ မြင်နိုင်ရန်ပြန်ကြိုးစား ရပါမည်။ 

************* 

အစ်ကို (၂) သူနှင့် စာတစ်ပုဒ်မှ အစပြု၍ သိကျွမ်းခဲ့ပါသည်။ သူ့ကို ကျွန်မ မမြင်ဖူးပါ။ သို့သော် သူ့အတွေး၊ သူ့အရေးတွေ တွင် ပျော်ဝင်မိသော ကျွန်မ သူ့ကို သိကျွမ်းရင်းနှင်္ီးဖို့ကြိုးစားမိခဲ့သည်။ သူ့တွင် လှပသောအနုပညာများရှိ သည်။ သူ့တွင် သိမ်မွေ့ ညင်သာသော ကိုယ်ချင်းစာတရားများရှိသည်။ သူ့တွင် လှိုက်လှဲနွေးထွေးပေးနိုင် သော အသိအမှတ်ပြုမှုများရှိသည်။ သူ့တွင် ငိုညည်းသံများကို နားလည်လက်ခံပေးနိုင်သော နားတစ်စုံ ရှိသည်။ အလိုမကျမှုများကို နူးညံ့စွာရယ်မောပေးနိုင်သော ကြင်နာမှုများရှိသည်။ ကျွန်မ ရင်ဖွင့်တိုင်ပင်ရာ မှန်သမျှ ကြားနာလက်ခံပေးနိုင်ခဲ့သော နှလုံးသားရှိသည်။ ကျွန်မ ဘ၀တော်တော်များများကို ပကတိ ရိုးရှင်းစွာ မြင်နိုင်ပြီး ကျွန်မကို လူတစ်ယောက်အဖြစ် ချစ်ခင်စွာမြင်ပေးခဲ့သူဖြစ်သည်။ စိတ်အင်အားကို ရစေမည့် စာလုံးလေးတွေ သီကုံးလျက် ကျွန်မထံ ပေးပို့ခဲ့သူဖြစ်သည်။ ညီမလေးဟု နူးညံ့ချိုသာစွာ ခေါ်ပေးတတ်သူ ဖြစ်သည်။ သို့ဆိုလျှင် ချစ်ခင်ဖို့ လုံလောက်လေပြီလား။ ဟုတ်ကဲ့..ကျွန်မ အတွက်တော့ လုံလောက်ပါသည်။ သူဘာဆိုသည်ထက် သူ၏ ဖြူစင်လှပသောစိတ်နှလုံးကိုသာ ကျွန်မချစ်ခင်ခဲ့ပါသည်။ သူ့ကို ကျွန်မ ချစ်သည်။
အစ်ကို (၃) သူ့ကို စနောက်မှုများမှ စတင်သိကျွမ်းခဲ့ပါသည်။ အပြန်အလှန်စာရိုက်ကြသော စာလုံးများတွင် ချစ်ခင်ဖွယ် ရာမရှိဟု ထင်ဖွယ်ရာရှိသော သူနှင့် ရက်အနည်းငယ် လေလှိုင်းများမှ စကားလက်ဆုံကျပြီးသည်တွင် သူ၏ ဖြူစင်အေးချမ်းသော စိတ်နှလုံးကို တစစ ကျွန်မ သိခွင့်ရလာခဲ့သည်။ နာရီပေါင်းများစွာ ပြောခဲ့ဖူးသော စကားတို့တွင် အလိုမကျသော၊ လေသံမာသော၊ အရိပ်အယောင်ကျွန်မ တစ်ရံခါမှ မကြားခဲ့ရဖူးပါ။ လူပုံ အလယ် စကားနည်းသော ကျွန်မက သူနှင့်တော့ သူနားညည်းစေလာက်သည်အထိ များစွာပြောခဲ့ဖူးသည်။ သူ မငြီးငြူခဲ့ပါ။ လေသံအေးအေးနှင့် နှစ်သိမ့်လျက် ကျွန်မ၏ ပူလောင်မှုအချို့ကို ငြိမ်းအေးစေခဲ့သည်။ သူကိုယ်တိုင် ကျန်းမာရေးမကောင်းလှသော်လည်း သူ့ကျန်းမာရေးနှင့် ပတ်သတ်၍ ကျွန်မကို တစ်လုံး တစ်ပါဒ မှ မငြီးငြူခဲ့ပါ။ သူများ ခြောက်သွေ့ပျင်းရိနေမည်လား စိုးရိမ်စိတ်နှင့် ကြုံတွေ့ရသမျှ ပြောပြကာ၊ သူအပျင်းပြေစေရန်ဟု ကျွန်မက ကိုယ့်ဘာသာခေါင်းစဉ်တပ်ပေမယ့် သူ့ဘက်ကတော့ ကျွန်မ ပြောချင် သမျှ ပြောခွင့်ပေးကာ နားလည်ခွင့်လွှတ်ပေးနေခြင်းဖြစ်သည်ကို နောက်များစွာမှ ကျွန်မ သိခွင့်ရခဲ့သည်။ တစ်ပါးသူအတွက်သာ တွေးပေးတတ်သော အေးချမ်းသော သူ့စိတ်နှလုံးကို ကျွန်မ မြင်ခွင့်ရခဲ့သည်။ သူ၏ သီးသန့်နေချင်မှု၊ လူမှုရေးရာများကို သဘောမကျမှုတို့ကိုလည်း ကျွန်မ နားလည်လက်ခံပေးနိုင်ခဲ့ပါသည်။ သူမည်သူဆိုသည်ထက် သူ၏ နွေးထွေးကြင်နာတတ်သော နူးညံ့မှုကိုသာ ကျွန်မ ချစ်ခင်ခဲ့သည်။ သူ့ကို ကျွန်မ ချစ်သည်။ အစ်မ သူနှင့် ကဗျာလေးတစ်ပုဒ်မှ အစပြုသိခွင့်ရခဲ့ပါသည်။ ထို့နောက် အသိအမှတ်ပြုမှုလေးတွေ သူ့ထံမှ ကျွန်မ ရရှိခဲ့ဖူးသည်။ ရယ်စရာကောင်းလှစွာ ယနေ့အထိ သူနှင့် မေးလ်အဆက်အသွယ် မရှိခဲ့ပါ။ သူ မြန်မာပြည် ကို ရောက်နေစဉ်တွင် ကျွန်မထံ ဖုန်းတစ်ခါခေါ်ဖူးသည်။ ကျွန်မ နာမည်မေးကာ '......ပါ' ဟုပြောလိုက် စဉ် တွင် ကျွန်မ သူ့ကို မြင်ယောင်ကာ ရင်တွေ တဖျပ်ဖျပ်နှင့် ရုတ်တရက်ဆွံ့အသွားမိသည်။ ဒါကို သူက ကျွန်မ မ သိဘူးအထင်နှင့် '............' ဟု သူ့ကလောင်အမည်ကို ထပ်မံပြောသည်တွင် ကျွန်မ တိုးဖွဖွရယ်မိသည်။ မ.....ဆိုတာ ညီမလေး ဘ၀မှာ တစ်ယောက်ပဲရှိတယ် မ.......။ သေချာရေရာအောင် နာမည်ပြောပြစရာ မလိုပါဘူးကွယ်။ သူမသိပါဘဲနှင့် သူရေးသားသော စာများ၊ သူ့ status လေးများ၊ သူပြုမူလုပ်ကိုင်ရာလေး များကို social network တစ်ခုအတွင်းမှနေ၍ စဉ်ဆက်မပြတ်ကြည့်ရှုမိရင်း သူ့ကို စိတ်ထဲက တစစရင်းနှီး ကျွမ်းဝင်နေခဲ့တာ...။ သူမထင်မှတ်ဘဲ ပြုလုပ်ပေးခဲ့ သည်များကို ကြည်နူးပျော်ရွှင်ခဲ့တာ....။ သူ၏ နူးညံ့ သိမ်မွေ့မှုများ၊ သူ၏ ဖြူစင်အေးချမ်းသော စိတ်အလှ တို့ကို ချစ်ခင်မြတ်နိုးခဲ့ပါသည်။ မေတ္တာသည် ထူးဆန်း စွာရောင်ပြန်ဟပ်ခဲ့ပါသလား...။ ကျွန်မ သူ့ကို တွေ့ခွင့်ရခဲ့သည်။ နူးညံ့ရိုးသားစွာအပြုံးများမှ ကြည်လင်မှု တို့ကို ကျွန်မ ခံစားသိရှိခဲ့ရသည်။ သူ၏အသိအမှတ်ပြုမှုလေးတွေအတွက် ကျွန်မ မျက်ရည် တ၀ဲဖြစ်ခဲ့ဖူး ပါသည်။ သူမည်သူမည်ဝါဆိုသည်ထက် သူ့ သက်သက်ကိုသာ ကျွန်မ ချစ်ခင်ခဲ့ခြင်းဖြစ်ပါသည်။ သူ့ကို ကျွန်မ ချစ်သည်။ အစ်ကို (၁) အွန်လိုင်းစာမျက်နှာဆီမှ ကျွန်မ၏ စာတိုပေစများကို ဟိုသည်ပို့ရာမှ သူနှင့် သိကျွမ်းခဲ့သည်။ သူနှင့်ပတ်သတ်၍ အဖုအထစ်အနည်းငယ် ရှိခဲ့သော်လည်း ကျွန်မ ခွင့်လွှတ်နားလည်ခဲ့ပါသည်။ ခါတရံဖြစ်လေ့ဖြစ်ထ သဘောတရားများ။ သူသည် ကျွန်မ ရေးသားသော စာပေများကို နှစ်သက်မြတ်နိုးပေးသော၊ ကျွန်မ၏ ရှားပါး လှသော အားပေးသူတစ်ယောက်ဖြစ်သည်။ ကျွန်မ ရပ်တည်ချက်ကို ပိုမိုလေးနက်ခိုင်မာစေရန် အား ထုတ်ပေးခဲ့သူဖြစ်သည်။ မကြာခဏပျော့ပျောင်းလွယ်သော ကျွန်မ စိတ်ကို ခံနိုင်ရည်နှင့် ရင့်ကျက်ဖို့ ဆန္ဒ ရှိခဲ့သူ လည်း ဖြစ်သည်။ သူသည် စကားပြောမချိုသာပါ။ သို့သော် သူ၏ ပြတ်တောင်းသောစကားများထဲမှ ကျွန်မ ကိုထွန်းလင်းစေလိုသော စေတနာကို မြင်တွေ့ရသော အခါ သူ၏ စိတ်နှလုံးကို မြင်နိုင်ခဲ့ပါသည်။ စာပေကို ချစ်ခင်သော သူ၏လုပ်ဆောင်ချက်များကိုလည်း ကျွန်မ နားလည်နိုင်ခဲ့သည်။ သူမည်သူဆိုသည် ထက်၊ သူဘာလုပ်ခဲ့သည်ဆိုသည်ထက် ဖြူစင်သောအမြင် သက်သက်ဖြင့်ပင် ကျွန်မ ချစ်ခင်ပါသည်။ သူ့ကို ကျွန်မ ချစ်သည်။ 

************************* 

မလွဲမရှောင်သာ လူမှုဆက်ဆံရေးများ၊ လူ့အသိုင်း အ၀ိုင်းများနှင့် ပတ်သတ်မှုများ...... ဟန်လုပ်ပြုံးပြ ယဉ်ကျေးမှုများ..... အပေါ်ယံချိုသာမှုများ.......။ ထို ထို အရာတို့နှင့် တစစ ထိတွေ့လာရသည်တွင် ကျွန်မ ချစ်ခင်မှုများသည် မအေးချမ်းတော့ပါ။ မျှော်လင့်မှုတွေပါလာသည်။ ဆုံတွေ့ချင်မှုတွေ ပါလာသည်။ အတ္တတွေပါလာသည်။ ဖက်တွယ်နှောင်ငင် ထားချင်မှုတွေ ပါလာသည်။ မောပန်းနွမ်းနယ်မှုတွေနှင့် ပြန်လာသော ကျွန်မ စကားတချို့ကို ကြားယောင်မိသည်။ 'မ......က ဘယ်သူဘယ်ဝါ..' 'ကို....က ဘယ်သူဘယ်ဝါ' ကျွန်မ သည် သေးငယ်သောအမှုန်အစလေးမျှပင် ဖြစ်သည်ကို ယနေ့ည ပြတ်သားစွာမြင်ခွင့်ရခဲ့သည်။ ကျွန်မ အတွက် ဖန်တီးပြောဆိုပေးသော စကားများ၊ စေတနာနှင့်လမ်းညွှန်ပေးမှုများ...ထို ထို အရာတို့ကို လက်လှမ်း၍မမှီလောက်အောင် ကျွန်မ ဘ၀ သေးသိမ်ဗလာဖြစ်လှသည်ကို ကျွန်မ ကိုယ်စောင့်နတ် မှလွဲ၍ မည်သူမှ မသိနိုင်ပါ။ ဘာ့အတွက်များ အသိုင်းအ၀ိုင်းကွဟသောသူများကို ချစ်ခင်မိခဲ့ရပါသနည်း။ ဆုံတွေ့ခြင်းတွေတွင် သိမ်ငယ်နာကျင်မှုတွေ ရှိနိုင်သည် ကို ကျွန်မ ဘာ့အတွက် မေ့လျှော့ ခဲ့ရပါသနည်း။ '.မ.....' ကတွေ့တာ ညီမ ကံကောင်းတယ်။ ကျွန်မ ကံကောင်းသူလား။ ကျွန်မ ရိုးသားစွာချစ်ခဲ့မိခြင်းသက်သက်ပင်။ ပြောသူကတော့ ချစ်ခင်ရင်းနှီးစွာ ပြောခဲ့ခြင်းဖြစ်သည်။ သူ့တွင် မည်သည့်ပယောဂမှမပါ။ သူသည်လည်း သူ့အနေအထား၊ သူ့အသိုင်းအ၀ိုင်းနှင့် မြင့်မားသူပင်။ ကျွန်မ သာလျှင် ကျွန်မ ကိုယ် ကျွန်မ ပြန်လည်မြင်တွေ့မိပါသည်။ ဖမ်းဆုပ်ရန်ခက်ခဲသော ချစ်ခြင်းမေတ္တာများကို ပျော်မွေ့ရင်း ကျွန်မ ကိုယ် ကျွန်မ မေ့လျှော့ နေခဲ့သည်။ ကျွန်မတွင် မည်သည့်အရည်အချင်းရှိပါသနည်း။ သာမာန်ဘ၀ငယ်လေးမှ မိန်းမသားတစ်ယောက်သည် ဘ၀ကို ရိုးရိုးလေးမြင်တတ်ရုံသာ။ ထုထည်များပြားလာလေသော ချစ်ခြင်းမေတ္တာများကို တွန်းလှန်ပစ်နိုင်ဖို့ ကျွန်မ အားအင်မွေးရပေတော့မည်။ ထိတွေ့ပတ်သတ်မှုများ များပြားလှသော၊ လူမှုဆက်ဆံရေးစုံငှလှသော နေရာတစ်နေရာကို ကျွန်မ ကျောခိုင်းခဲ့ပါပြီ။ သုညမှ တစ်ဖြစ်လာဖို့ကိုတောင် မနည်းရုန်းကန်ရမည်ဖြစ်သော ကျွန်မ ဘ၀နှင့် သိပ်မသက်ဆိုင်လှတော့ပါ။ မည်သည့် မျှော်လင့်ချက်ကိုမှလည်း မဖမ်းဆုပ်ချင်တော့ပါ။ မည်သည့်လူ့ယဉ်ကျေးမှုနှင့်မှ ကျွန်မ မသိချင်တော့ပါ။ ကျွန်မ နေထိုင်ရာ ကုတင်ကျဉ်းကျဉ်းလေး၊ ပိတ်လှောင်သော အခန်းကျဉ်းကလေးသည် ကျွန်မ ဘ၀အစစ်အမှန်ဖြစ်သည်။ ကျွန်မ ပရင့်မီဒီယာကိုလည်း စိတ်မ၀င်စားတော့ပါ။ မည်သည့်နာမည်တစ်လုံးအတွက်မှလည်း မတိုက်ခိုက် ချင်တော့ပါ။ ဤနေရာလေးတွင် ကျွန်မ ခံစားရသမျှ ရေးနိုင်သည်။ ကျွန်မ ရင်ဖွင့်နိုင်သည်။ လူသိဖို့မလို၊ ညသန်းခေါင် အီးမေးလ်မျှော်စရာမလို၊ ညနက်နက်တွေ တွင် သူတစ်ပါးကို စိတ်အနှောက်အယှက်ဖြစ်စေရန် ဖုန်းခေါ်သံမလို၊ ချစ်ခင်ရင်းနှီးစွာ ကျီစယ်ခြင်းတွေနှင့် ကွန်မန့်လေးတွေ ပေးစရာမလို...။ ကျွန်မ၏ အလိုဆန္ဒတွေ ကို ကျွန်မ ကိုယ်တိုင် ပယ်သတ်နိုင်ရန် ကြိုးစားရပေမည်။ 

* ********************* 

ကျွန်မ ခုတင်ဘေးဆွဲခြင်းလေးထဲတွင် ပရင့်ထုတ်ထားသော အီးမေးလ်များရှိသည်။ ကျွန်မပိုင် ဖုန်းကလေး ထဲတွင် အသံသွင်းထားမိသော ညီမလေး ခေါ်သံများရှိသည်။ ဒေါင်းလုပ်ဆွဲထားမိသော အသံဖိုင်များရှိသည်။ တစ်ပိုင်းတစ်စ ရုပ်သွင်များရှိသည်။ ခါတရံ လွမ်းဆွတ်မှုများနှင့် နာကျင်လှိုက်မောလာတိုင်း မကြာခဏ ဖွင့်ကြည့်မိမည်ထင်ပါသည်။ သာမာန်ဘ၀သေးသေးလေးတစ်ခုမှ ကျွန်မ အတွက် ထို ထို အရာတွေနှင့်ပင် လုံလောက်သင့်ပါသည်။ ခါတရံ ညနက်နက်များတွင် လွမ်းဆွတ်မိလာတိုင်း တစ်ကိုယ်တည်း စကားတွေ ပြောမိမည်ထင်ပါသည်။ 

************************* 

လူမသိ၊ သူမသိ စကားလေးတစ်ခွန်းတော့ ကျွန်မ ပြောချင်ပါသည်။ သူတို့ကို ကျွန်မ ချစ်သည်။ ///////////////////////////////////////////// 

+ရွှေအိမ်စည်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)